ရေလောင်းခဲ့တဲ့ အပင်လေးရဲ့ လျှို့ဝှက်ချက်ကို (၂)နှစ်ကြာမှ သိလိုက်ရတဲ့ အမျိုးသမီး

အမျိုးသမီးငယ်လေးတစ်ဦးဟာ (၂)နှစ်အတွင်းမှာ စိတ်ရှိလက်ရှိ ရေလောင်းပေါင်းသင်ခဲ့တဲ့ အပင်လေးအကြောင်းကို အချိန်နှောင်းမှ သိခဲ့ရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးရဲ့အမည်ကတော့ Caelie Wilkes ဖြစ်ပြီး၊ သူမဟာ အရွက်ပြားပြား ဖားဖားအပင်လေးကို ချစ်လို့ လွန်ခဲ့တဲ့(၂)နှစ်လောက်က ဈေးကနေ ဝယ်ယူလာခဲ့တာပါတဲ့။

သူမဟာ အပင်လေး သေသွားမှာကို စိုးတာကြောင့် ရေလောင်းတဲ့ကိစ္စကို တာဝန်တစ်ခုအဖြစ် သတ်မှတ်ပြီး၊ နေ့စဉ်နဲ့အမျှ မမေ့အောင် ဂရုတစိုက် လောင်းပေးခဲ့ပါတယ်။ အပင်လေးကလည်း အရည်ရွှမ်းသယောင်ရှိနေတဲ့ အရွက်ကလေးနဲ့ အတော်လေးကို ချစ်ဖို့ကောင်းပါတယ်။ သူမဟာ နေ့စဉ်တိုင်း အပင်လေးကို ရေလောင်းရင်းနဲ့ ပိုပြီး သံယောဇဉ် တွယ်လာခဲ့ပါတယ်။

ထူးခြားတာကတော့ အပင်လေးဟာ (၂)နှစ်အတွင်း မူလ ဝယ်ယူခဲ့တဲ့ အရွယ်အစားကနေ ပိုကြီးမလာပါဘူး။ ပိုပြီး ထူးခြားတာက အပင်လေးမှာပါတဲ့ အရွက်တွေကို ညှိုးလျှော်ခြင်း၊ ခြောက်ကပ်ခြင်း အလျဉ်းမရှိတာပါဘဲ။ သို့သော်လည်း Caelie က ဒါတွေကို ရှည်ရှည်ဝေးဝေး မတွေးမိဘဲ၊ ဒီအပင်လေးရဲ့ သဘောသဘာဝကိုယ်က မကြီးထွားတဲ့၊ အရွက်မကြွေတဲ့အပင်လို့ ထင်ခဲ့ပါတယ်

တစ်ခုသော ရက်မှာတော့ သူမဟာ အပင်လေးရဲ့ မူလလက်ဟောင်း အခံပန်းအိုးကို လဲလှယ်ဖို့ စဉ်းစားခဲ့မိပါတယ်။ အဲဒီအခါရောက်မှ အပင်လေးရဲ့ လျှို့ဝှက်ချက်ကို Caelie တစ်ယောက် ဂဃနဏ သိလိုက်ရတာပါ။ တကယ်တော့ အပင်လေးဟာ တကယ့်အပင်အစစ် မဟုတ်ဘဲ၊ ပလက်စတစ်အပင် ဖြစ်နေခဲ့တာပါတဲ့။ Caelie ဟာ သူမရဲ့အဖြစ်ကို တွေးမိပြီး ရယ်လည်း ရယ်ချင်ခဲ့သလို သူမကို အပင်အစစ်ကဲ့သို လိမ်လည်ရောင်းချခဲ့သူကိုလည်း ဒေါသထွက်နေပါတယ်။ ဒီအကြောင်းကို ဖေဖော်ဝါရီ (၂၈)ရက်က ကာယကံရှင် Caelie ကိုယ်တိုင် လူမှုကွန်ရက်မှာ မျှဝေခဲ့တာပါ။ မှတ်ချက်ရေးသူတစ်ဦးကတော့ သူမရဲ့ ညီမဝမ်းကွဲတစ်ဦးလည်း ဒီလိုအဖြစ်မျိုးကြုံခဲ့ကြောင်း၊ အပင်တစ်ခုကို အစစ်မှတ်ပြီး ရေလာင်းခဲ့ရာ၊ (၆)လကြာမှ ပလက်စတစ်အပင် ဖြစ်နေတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာသာပြန်-လင်းဇော်ကို
ဒသဂီရိ Entertainment