(၁၁)နှစ်သမီးလေးကြောင့်၊ မိဘတွေခမျာ သိန်း(၃၆၀၀)ကျော် ပေးလျှော်ရမယ့်အဖြစ်

တရုတ်နိုင်ငံက လူနေတိုက်ခန်း (၂၄)လွှာမှာ နေထိုင်တဲ့ မိသားစုကတော့ သမီးဖြစ်သူရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် အခုဆိုရင် ယွမ်(၁.၈၅)သန်းအထိ ပေးလျှော်ရတော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့(၁၁)နှစ်အရွယ်သမီးဟာ (၂၄)လွှာကနေ ပန်းသီးတစ်လုံးကို မဆင်မခြင် ပစ်ချခဲ့ရာ၊ အဆိုပါ ပန်းသီးက အောက်မှာရှိတဲ့ လသားအရွယ် ကလေးငယ်ရဲ့ခေါင်းကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။

ထိမှန်ခံရတဲ့ သမီးငယ်လေးဟာ ဦးနှောက်မှာ သွေးတည်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး၊ အရေးပေါ် ဆေးရုံတက်ရောက်ပြီး ခွဲစိတ်ကုသခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ကလေးမှာ သန်သန်စွမ်းစွမ်း ဖြစ်မလာသေးပါဘူး။ အခုဆို အဲဒီသမီးလေးဟာ (၂)နှစ်ကျော် အရွယ်တောင် ရောက်နေပါပြီ။ သူမဟာ လက်ကျန်ဘဝကို မသန်စွမ်းဘဝနဲ့ ဖြတ်သန်းရဖို့ရှိပါတယ်။

တရားရုံးက လျှော်ကြေးအဖြစ် သတ်မှတ်လိုက်တဲ့ ယွမ်(၁.၈၅)သန်းဟာ လက်ရှိငွေပေါက်ဈေးနဲ့တွက်ရင် မြန်မာငွေအနေနဲ့ သိန်းပေါင်း (၃၆၀၀)ကျော် ရှိပါတယ်။ ဒီမတော်တဆမှုဟာ (၂၀၁၈)ခုနှစ် မတ်လ(၉)ရက်မှာ ဖြစ်ပွားခဲ့ပြီး၊ အမှုရင်ဆိုင်ရမှုကိုတော့ (၂)နှစ်လောက်ကြာမြင့်ခဲ့ပါတယ်။ ပန်းသီးနဲ့ထိမှန်ခံရတဲ့ ကလေးဟာ ထိုစဉ်က အသက်(၃)လသာရှိပါသေးတယ်။

ကလေးရဲ့နာမည်ကတော့ Tong Tong ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က အဖွားက ပွေ့ချီကာ အပြင်မှာ လေကောင်းလေသန့်ရို့ လမ်းလျှောက်ထွက်ခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကလေးခေါင်းပေါ်ကို (၂၄)လွှာကနေ ပန်းသီးတစ်လုံး ပြုတ်ကျလာခဲ့ပါတယ်။ ဒီပန်းသီးဟာ (၁၁)နှစ်အရွယ် ကောင်မလေးက တမင်ပစ်ချလိုက်တာပါ။ ဒီကောင်မလေးကိုယ်တိုင်ကလည်း ကလေးဖြစ်တဲ့အတွက် အဓိကတာဝန်ခံရမှာက သူမရဲ့ မိဘတွေဖြစ်ပါတယ်။ဒဏ်ရာရရှိခဲ့ သမီးလေး Tong Tong ဟာ ဦးခေါင်းခွံကွဲအက်ခြင်း၊ ဦးနှောက်တွင်းသွေးတည်ခြင်းနဲ့ အာရုံကြောကို ထိခိုက်ခဲ့တာကြောင့် အသက်ရှင်သန်ဖို့ကိုပဲ ဒေါက်တာတွေက မနည်းလုခဲ့ရတာပါ။ သူမရဲ့လက်ရှိ အခြေအနေကို တိတိကျကျ မသိရသော်လည်း သတင်းမှာတော့ “မသန်စွမ်း”ဖြစ်နေရှာတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်စတုန်းက (၂၄)လွှာ တိုက်ခန်းက မိဘတွေက အပြစ်ကို ဝန်မခံခဲ့ပါဘူး။

ဒီလိုနဲ့ ပန်းသီးမှာ ကပ်ကျန်နေတဲ့ DNA နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ (၂၄)လွှာက (၁၁)နှစ်သမီးလေးရဲ့ DNA နဲ့ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် တရားခံဘက်က ဖခင်ဖြစ်သူက ဖြစ်စဉ်အဝဝကို တာဝန်ယူမယ့်အကြောင်း အာမခံခဲ့ပါတယ်။ တရားလိုဘက်ကလည်း ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားစွဲဆိုခဲ့ရာ၊ (၂)နှစ်အကြာမှာ အမှုကို အနိုင်ရရှိခဲ့ပါတယ်။

တရားစွဲခံရတဲ့ မိသားစုဘက်က ကလေးမလေး ဆေးကုသစာရိတ်အဖြစ် ပထမအရစ်အနေနဲ့ ယွမ်(၃၀၀၀၀)ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆေးကုသမှုကုန်ကျစာရိတ်ဟာ ယွမ်(၁၃၀၀၀၀)အထိ ရှိခဲ့ပြီး၊ သက်ဆိုင်ရာ မိသားစုမှာ အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အွန်လိုင်းမှာပဲ ကြားနာမှုပြုလုပ်ခဲ့ရာ တရားရုံးက နစ်နာတဲ့မိသားစုဘက်ကို ထောက်ဆပြီး၊ ယွမ်း (၁.၈၅)သန်း လျှော်ကြေးပေးဆောင်ဖို့ အပြီးသတ်အမိန့်ချခဲ့တာပါ။

ဘာသာပြန်-လင်းဇော်ကို
ဒသဂီရိ Entertainment