မိန်းမထင်ပြီး ယူလိုက်မိရာက ယောက်ျားတစ်ဦးဖြစ်နေမှန်း နှစ်ပတ်အကြာမှ သိခဲ့ရတဲ့အမျိုးသား

ယူဂန်ဒါနိုင်ငံ၊ မြို့တစ်ခုမှာ ဗလီဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုတဲ့ ဓမ္မဆရာ Sheikh Mohammed Matumba ဟာ မကြာသေးခင်က လက်ထပ်ပွဲဆင်နွှဲခဲ့ရာ၊ နှစ်ပတ်အကြာမှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတဲ့အပြင်၊ ဗလီဆရာရာထူးပါ ထိခိုက်ခဲ့ရပါတယ်။ Matumba ဟာ အမျိုးသမီးလို့ထင်ပြီးယူခဲ့တဲ့လူက ယောက်ျားတစ်ယောက်ဖြစ်နေမှန်း (၂)ပတ်အကြာမှ သိခဲ့ရတာပါတဲ့။

Matumba ဒီကြားထဲမှာ ယောက်ျားလား မိန်းမလား ဘာလို့ မသိခဲ့တာလဲဆိုတော့ သူရဲ့ သတို့သမီးအဖြစ် ဟန်ဆောင်ထားသူက ဓမ္မတာလာနေတဲ့အတောအတွင်းမို့ လိင်ကိစ္စရှောင်ကြဉ်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ လောလောလက်လက် လက်ထပ်ထားသူကို အမျိုးသားတစ်ယောက်အဖြစ် လုံးဝ သံသယမဝင်မိခဲ့ပါဘူးတဲ့။ဒါပေမယ့် Matumba ယူထားတဲ့လူဟာ အိမ်နီးနားချင်းရဲ့ တီဗွီကို လူတွေအလစ်မှာ ခိုးယူခဲ့ပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့က မီးခိုးကြွက်လျှောက် လိုက်လံဖမ်းဆီးစဉ်မှာ Matumba တစ်ယောက် လုံးဝသိမထားတဲ့ အမှန်တရားကိုပါ ဖော်ထုတ်နိုင်ခဲ့တာပါ။ အဆိုပါအမျိုးသားဟာ ဗလီဆရာရဲ့ဇနီးအဖြစ် ကာဗာယူပြီး မကောင်းမှုတွေကျူးလွန်လို့ ကြိုတင်ကြံစည်ခဲ့ပုံရတယ်လို့ ရဲက ပြောပါတယ်။

အသက်(၂၇)နှစ်သာရှိသေးတဲ့ Matumba ကတော့ အရှက်ကွဲခဲ့တဲ့အပြင်၊ လိင်တူလက်ထပ်ခဲ့သူလို့ စွပ်စွဲခံခဲ့ရပြီး၊ ဗလီဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူးဟုဆိုကာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ နောက်ပြီး အဲဒီဗလီတွေနဲ့လည်း လာရောက်ပတ်သက်ခြင်းမပြုဖို့ ဒေသခံဘာသာရေးအဖွဲ့က တားဆီးခဲ့ကြောင်း သိရပါတယ်။Matumba ရဲ့ဇနီးအဖြစ် ဟန်ဆောင်ခဲ့သူမှာ Swabullah Nabukeera လို့ အမည်ရပါတယ်။ ဒါက အမျိုးသမီးနာမည်ပါ။ သူက ယောက်ျားစစ်စစ်ဖြစ်လို့၊ ယောက်ျားနာမည်လည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအကုန်လောက်မှာ Matumba နဲ့ Swabullah တို့ လက်ထပ်ခဲ့တာပါ။ မင်္ဂလာဦးညမှာ Matumba က စိတ်လှုပ်ရှားစွာ ကဲမယ်ကြံတော့ Swabullah က ဓမ္မတာလာနေလို့ သည်းခံဖို့ ပြောခဲ့ပါသတဲ့။

နောက်တော့ Swabullah ဟာ Matumba စုဆောင်းထားတဲ့ ပိုက်ဆံတွေအပြင်၊ အိမ်နီးနားချင်းတစ်အိမ်ဆီကနေ တီဗွီကို ခိုးယူထွက်ပြေးသွားပါတယ်။ ရဲက ဖမ်းမိတဲ့အခါ တရားခံက သူရဲ့နာမည်အရင်းမှာ Richard Tumushabe ဖြစ်တယ်လို့ ပြောပါတယ်။ Matumba ကတော့ အလွန်ရှက်နေပြီး၊ တစ်လလောက် အိမ်ထဲကအိမ်ပြင် မထွက်ရဲပါဘူး။ တချို့ကတော့ သူ့ကို ကိုယ်စီးတဲ့မြင်း အထီးလားအမလား မသိသူလို့ ကဲ့ရယ်ကြသတဲ့။

ဘာသာပြန်-လင်းဇော်ကို
ဒသဂီရိ Entertainment